ပလက်ဝကို ဒေသကာကွယ်ရေးတပ် CDFက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး Project Kimo အစီအစဉ် ပံ့ပိုးပေးရန် ဖိတ်ခေါ်
ဗျူဟာအရ အရေးပါသကဲ့သို့ လိုအပ်ချက်များအခက်အခဲများစွာ ကြုံနေရသည့် ချင်းပြည်နယ် ပလက်၀ဒေသအတွက် ပြည်တွင်း၊ပြည်ပရှိ သွေးချင်းများ အားလုံးက ဝိုင်းဝန်းကူညီပေးရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မေတ္တာရပ်ခံလိုက်သည်။
“လေကိုဆန်ပျံနေကြတဲ့ အောက်ချင်းငှက်တွေကိုကူညီအားဖြည့်ပေးမဲ့ Project kimo”လှုပ်ရှားမှုကို စတင် အကောင်အထည် “ဖော်လျက်ရှိရာ ကီမိုတောင်ကြီး၏ဌာနေ ဖြစ်ဖြစ်သည့် ပလက်ဝမြို့နယ်အတွက် နယ်မြေစိုးမိုးရေးစီမံကိန်းအစီအစဉ် တွင် ပံ့ပိုးပေးရန် Project Kimo အစီအစဉ် တာဝန်ရှိသူများက အကူအညီတောင်းခံထားသည်။

“နိုင်ငံတကာ ရောက်နေတဲ့ သွေးချင်းများအပါအဝင် ကျနော်တို့ရဲ့ ပြည်ထောင်စုသားများခင်ဗျာ။ ချင်းပြည်နယ်ထဲက လိုအပ်ချက်များအတွက် အခုလိုနုတ်ဆက်ရင်းနဲ့ အားလုံးကို တောင်း ဆိုရပါလိမ့်မယ်။ မေတ္တာလည်း ရပ်ခံရပါလိမ့်မယ်။ ဒါကတော့ ချင်းပြည်နယ် ပလက်၀မြို့ရဲ့အဲဒီမှာရှိတဲ့ သွေးချင်းတွေရဲ့ လိုအပ်ချက်ပါ။ ကျနော် ချင်းပြည်နယ်ကို အကြိမ်များစွာရောက်ဖူးပါတယ်။ ရောက်ခဲ့ဖူးတဲ့ အကြိမ်တိုင်းကလည်း ချင်းပြည်နယ်မှာ သဘာ၀ဘေးဒုက္ခတွေ ကြုံကြတာကို မြေပြန့်ကနေ ကမ်းလိုက်တဲ့ အကူအညီများ မေတ္တာတရားတွေကိုလာပြီး ပေးခဲ့ရတာပါ။ ပြောချင်တာကတော့ ချင်းပြည်နယ်ရဲ့ အခက်အခဲတွေကို ကျနော်တို့ ကောင်းစွာ သိခဲ့ပါတယ်။ ချင်းပြည်နယ်မှာ လိုအပ်ချက်များစွာ ရှိနေတာကိုလည်း ကျနော်တို့ သိပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ပလက်၀တွင် ၂၀၁၉၊ ၂၀၂၀ ကတည်းက စစ်ရှောင် နှစ်သောင်းကျော်ကို ဒုက္ခသည်စခန်းများ၌ ကျွေးမွေးခဲ့ရခြင်းဖြစ်၍ ခြေကုန်လက်ပန်း ကျနေကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာကို ရောက်သည့် ပလက်၀ နယ်သားဆိုသည်မှာလည်း အင်မတန်နည်းကြောင်း ၎င်းက ဆိုသည်။
“အဲဒီတော့ အခုက နယ်မြေလည်းကျယ်တယ်နောက်ပြီးတော့ မဟာဗျူဟာအရလည်း အရေးကြီး တဲ့နေရာပါ။ ပြောချင်တာက ရင်ဆိုင်ရတာ အင်မတန်များပါတယ်။ တိုက်ပွဲတွေလည်းများတယ်။ အဲဒီတော့ သူ့ကို ပိုပြီး ဝိုင်းပြီးတော့ ဂရုစိုက်ရမယ်ပေါ့။ ဒါကြောင့် ပလက်၀မှာ ရှိနေတဲ့ ကျွန်တော်တို့ သွေးချင်းတွေအားလုံး ဆက်ပြီးတော့ တိုက်ပွဲဝင်နိုင်အောင် နိုင်ငံတကာ ရောက်နေတဲ့ သွေးချင်းများ ဖြစ်တဲ့ ချင်းလူမျိုးများအပါအဝင် အားလုံးက ဝိုင်းပြီး ကူညီလှည့်ကြပါ။ ဒီတော်လှန်ရေးအောင်မြင်တဲ့ အခါကျရင် ပြန်ပြီးတော့ တည်ဆောက်ကြရအုံးမှာတွေရှိပါတယ်။ အဲဒီအခါကျလို့ရှိရင်လည်း ပြည်ထောင်စုထဲက အားလုံးက တစ်ယောက်တစ်လှည့် ဝိုင်းကြကူကြမှာပါ ။လောလောဆယ်တော့ အင်မတန်မှ ဗျူဟာအရ အရေးကြီးပြီးတော့တ ကယ်လည်း လိုအပ်ချက်တွေရှိနေတဲ့ ပလက်၀ကို ဝိုင်းပြီးတော့ လှူကြတန်းကြဖို့ ကျနော်က မေတ္တာရပ်ခံပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ပလက်ဝမြို့နယ်ဟာ ချင်းပြည်၏ တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်ဒေသ ဖြစ်သည်။
ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်မှုနှင့် အညီ ဖွဲ့စည်းတည်ထောင်ပြီး ပလက်ဝလူထုနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊လုံခြုံရေး၊ ကာကွယ်ရေးများကို ဆောင် ရွက်ရင်း နွေဦးတော်လှန်ရေး၌ ပါဝင်နေသည်ဟု ဆိုသည်။
“ပလက်ဝဟာ မြန်မာနဲ့အိန္ဒိယပူးတွဲ ဖေါ်ဆောင်နေတဲ့“ကုလားတန်ဘက်စုံစီမံကိန်း” တည်ရှိတဲ့နေရာ လည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဟာ ချင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသလို အိန္ဒိယနိုင်ငံအတွက်လည်းစစ်ရေး၊ နိုင်ငံရေး၊စီးပွားရေးအတွက် အင်မတန်မှအရေးပါတဲ့ မဟာဗျုဟာမြောက် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ပလက်ဝမြို့နယ်ကို ဒေသကာကွယ် ရေး တပ်ဖွဲ့ဖြစ်တဲ့ CDF-Paletwa က စိုးမိုးထားနိုင်ရင် နွေဦးတော်လှန်ရေးအတွက် အလွန်လေးနက်တဲ့ အကျိုးအမြတ်တွေ ရရှိလာနိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်”ဟု Project Kimo ဆောင်ရွက်ရခြင်းအပေါ် အသိပေးထားသည်။
ပလက်ဝနယ်မြေစိုးမိုးရေးစီမံကိန်း (Project Kimo)သည် ပလက်ဝနယ်၏ အထိမ်းအမှတ် ကီမိုတောင်ကြီးကို ဂုဏ်ပြုပြီးပေးထားခြင်းဖြစ်ပြီး Projectက ပလက်ဝဒေသကို CDF – Paletwaက နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ကာကွယ်မှုအောက်မှတဆင့် ပလက်ဝ မြို့နယ်မှပြည်သူများ၊ စစ်ဘေးရှောင် ပြည်သူတွေအတွက် အစား အသောက်၊ ပညာရေး၊ ကျန်းမာရေးနှင့် မိမိတို့ကိုယ်တိုင်ဦးဆောင်သည် ရေရှည်ရပ်တည်သွားနိုင်ရေး ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် အဖက်ဖက်ကအားနည်းနေသည့် ပလက်ဝနယ်မြေက ချင်းတိုင်းရင်းသားများနှင့် CDF-Paletwaကို အားဖြည့်ပေးပြီး ပလက်ဝနယ်မြေစိုးမိုးနိုင်စေမည့် Project Kimo ကို ဝိုင်းဝန်းကူညီလှူဒါန်းပေးကြရန် မေတ္တာ ရပ်ခံတိုက်တွန်းထားသည်။
Project Kimoကနေ အလှူရှင်များ၏ မေတ္တာစေတနာကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံစမ်းမဲ အစီအစဉ် ထည့်သွင်းထားရာ ပထမဆုံးဆုမှာ ကုလားတန်မြစ်ကို စီးမိုးပြီး မြင်နေရသည့် တောင်ပေါ်ဒေသက မြေကွက် တစ်ကွက် ဖြစ်သည်။
“တော်လှန်ရေးကြီးအောင်မြင်ပြီးသွားရင် ဥတုသုံးပါးလုံးမှာအင်မတန်လှပတဲ့ ရင်သတ်ရှုမောဖွယ် သဘာဝရှုမြင်ကွင်းကို သာယာတဲ့ရာသီဥတုကိုဖြတ်သန်းပြီး နေထိုင်နိုင်မဲ့အပန်းဖြေနေရာလေး ဖြစ်လာမှာပါ”ဟု Project Kimoက အသိပေးသည်။
ဒုတိယဆုမှာ စီးပွါးရေးအချက်အချာကျတဲ့နေရာက မြေကွက်တစ်ကွက်ဖြစ်ပြီး ကုလားတန်ဘက်စုံစီမံကိန်းကြီးများ ပြီးသွားခဲ့ပါက များစွာ ဖွံ့ဖြိုးစည်ကားလာမည့် အချက်အချာနေရာ၌ စီးပွားရေးလုပ်နိုင်သကဲ့သို့ ပြန်ရောင်းမည်ဆိုပါကလည်း အဆပေါင်းများစွာ အမြတ်အစွန်းရှိစေမည့် မြေကွက်ဖြစ်သည်ဟုဆိုသည်။
တတိယဆုမှာ ပလက်ဝခူမီးချင်းရိုးရာဝတ်စုံ(၅)စုံဖြစ်ကြောင်း ဖော်ပြထားသည်။
“အခုproject ရဲ့အလှူငွေထည့်ဝင်မှု့က Raffle ticket မဟုတ်ဘဲ Donation ပုံစံဖြစ်ပါတယ်နော်။အလှူငွေ US$ 20 နှင့်အထက် donation ထည့်ဝင်သူတိုင်း lucky draw မှာကံစမ်းခွင့်ရမှာဖြစ်ပါတယ်နော်။ပလက်ဝက ခူမီး(ချင်း)တိုင်းရင်းသားတွေရဲ့ကျေးဇူးတုန့်ပြန်မှုလေးတွေကို ကံစမ်းကြည့်ရင်း Project Kimo အစီအစဉ်မှာ ပါဝင်ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါရစေ” ဟု Project Kimoက ထုတ်ပြန်ထားပြီး ပါဝင်ကူညီအားဖြည့်ကြမည့်သူများအနေဖြင့် နိုင်ငံအလိုက် တာဝန်ခံ Fundraiserများမှတစ်ဆင့် ယုံကြည်စိတ်ချစွာ ပါဝင် အားဖြည့်နိုင်ကြကြောင်း အသိပေးထားသည်။
အဆိုပါ လင့်တွင် သွားရောက်ပံ့ပိုးနိုင်ပါသည်။ https://m.facebook.com/story.php?story_fbid=142310148554354&id=100083261084988
