ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် ယနေ့ နံနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊ တပ်ရင်း(၃၇၀၂) ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ(၁၂)ရက် နံနက်လေးနာရီအချိန်ကစပြီး KNLA တပ်မဟာ(၃) တပ်ရင်း(၉)၊ တပ်ရင်း(၇)နယ်တွင်ရှိသော စစ်ကောင်စီတပ်၏ ဘောကထာ၊ တုံးတံတား၊ သံဆိပ်စစ်ကောင်စီစခန်းများအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု BPDF-Yoma က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှ နံနက်ခုနှစ်နာရီမှ ကိုးနာရီကျော်အထိ တိုက်လေယာဉ်သုံးစီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
