▪︎ဒုတိယမြောက်တရားသူကြီး အသတ်ခံရခြင်းဖြစ်
စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသောကောလင်းမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးဘရန်ဆိုင်းသည် တရားရုံးတွင်ယနေ့ ပါဆယ်ဗုံးပေါက်၍ သေဆုံးသွားသည်။
” မြို့နယ်တရားသူကြီးက အသတ်ခံရမှာကြောက်လို့ခွင့်ယူထားတာ။ အဲ့ဒါနဲ့ ဦးဘရန်ဆိုင်းက ရုံးသွားထိုင်တာ။ မနက်က ဗုံးကွဲပြီး သေဆုံးသွားတယ်” ဟု ကောလင်းမြို့မှ တရားရေးဝန်ထမ်းတစ်ဦးက People’s Spring သို့ပြောသည်။ သို့သော် မည်သည့်အဖွဲ့က ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်းကိုမူ မသိရသေးပေ ။
စစ်ကောင်စီလက်အောက်မှတရားသူကြီးများ နောက်ကျောလုံလုံနေနိုင်တော့မည် မဟုတ်ကြောင်းသာဓကပင်ဖြစ်ကြောင်း အခြား CDMတရားရေးဝန်ထမ်းတစ်ဦးကလည်းပြောသည်။
ဦးဘရန်ဆိုင်းသည် စစ်ကောင်စီလက်အောက်ခံတရားသူကြီးများတွင် ဒုတိယမြောက် သုတ်သင်ရှင်းလင်းခံရသည့်တရားသူကြီးဖြစ်သည်။အောက်တိုဘာ ၅ရက်က မူဆယ်မြို့ နယ် တရားသူကြီး ရာဇာမင်းစိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ထို့အပြင် စစ်ကောင်စီဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည် အောက်တိုဘာ ၁၂ရက်က ရုတ်တရက်အသက်ရှုကျပ်ပြီး နှလုံးရပ်ကာသေဆုံးသွားခဲ့သည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများသည် ပစ်မှတ်ထားသုတ်သင်ရှင်းလင်းခံရမည်ကိုကြောက်လန့်၍ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရရေး ကြိုးစားနေကြသည်ဟု တရားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
မြို့နယ်၊ခရိုင်၊တိုင်းနှင့်ပြည်နယ်အဆင့်တရားရုံးများမှတရားသူကြီးအချို့သည် လုပ်ကြံခံရမည်စိုးကာ နေပြည်တော်သို့ပြောင်းရွှေ့ခွင့်ရရေးကြိုးစားနေကြခြင်းဖြစ်ကြောင်း တရားသူကြီးတစ်ဦးကပြောသည်။နေပြည်တော်တွင် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အလိုက် တရားရုံးများရှိပြီး ဗဟိုတရားရုံးချုပ်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးလည်း ရှိသည်။ မြို့နယ်၊ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တရားရုံးများသည် နေ့စဥ် အမှုများစစ်ဆေး အမိန့်ချနေရသလို လုံခြုံရေးလည်း စိတ်မချရဟု တရားသူကြီးအချို့က ဆိုသည်။ ထို့ကြောင့်တရားသူကြီးအချို့သည်နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးစားနေကြသည်ဟု သိရသည်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခုနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်တွင် အင်းစိန်တရားရုံးသို့လာရောက်သည့် လှည်းကူးမြို့နယ် တရားသူကြီးနှင့် ဒုမြို့နယ်ဥပဒေ အရာရှိသည် ရန်ကုန်မြို့ထဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။ နှစ်ဦးစလုံးဒဏ်ရာရသွားသည်။
