မိုးမောက်မြို့တွင် ကချင်လွတ်လပ်ရေးတပ်(KIA) ၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများကပြောသည်။
နံနက် ၇နာရီခန့်မှစတင်၍ သေနတ်သံများကြားနေရပြီး ယခုသတင်းရေးသားချိန် ၁၁နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု မြို့ခံများကပြောသည်။
“ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး”ဟုမိုးမောက်မြို့ခံတဦးကပြောသည်။
ယနေ့(နိုဝင်ဘာလ ၁၁ရက်)တိုက်ပွဲသည်မိုးမောက်မြို့ ခါနန်ရပ်ကွက်၊နောင်ပေါင်းရွာအနီးတွင်ဖြစ်ပွားနေခြင်းဖြစ်သည်။

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်တွင် အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီးအထိနာကြောင်း KIA သတင်းရင်းမြစ်အချို့ကပြောသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂၂ရက်မှ အောက်တိုဘာလ ၂၉ ရက် အထိ ရှစ်ရက်အတွင်း အရပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။
နိုဝင်ဘာလဆန်းတွင် တိုက်ပွဲရပ်တန့်နေရာမှ ယနေ့တကျော့ပြန်ဖြစ်ပွားခြင်းဖြစ်သည်။ယနေ့တိုက်ပွဲနှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ မသိရသေးပေ ။
