အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးမှာ ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ပုဒ်မထပ်တိုးလိုက်ပါတယ်။
ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင် ရော NLD ပါတီဝင် ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။
စစ်ကောင်စီချထားတဲ့ထောင်ဒဏ်အရ မြို့တော်ဝန်ဦးရဲလွင်ဟာ ဒီနေ့မှာ လွတ်မြောက်ရမှာဖြစ်ပြီး ဦးကျော်ဇေယျကတော့ ဒီလ နိုဝင်ဘာလ ၂၃ ရက်မှာ လွတ်ရမှာဖြစ်တယ်လို့ မန္တလေး နိုင်ကျဉ်း အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်ပေးဖို့အစီအစဉ်မရှိဘဲ မန္တလေး စည်ပင်မှာတာဝန်ထမ်းဆောင်ချိန် အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုထပ်တိုးထားတယ်လို့ သိရပါတယ်။
တဖက်မှာတော့ ထောင် ၂နှဏ်စီချထားတဲ့ မန္တလေးတိုင်းဝန်ကြီး ၂ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးလာပါတယ်။
မန္တလေး စိုက်ပျိုးမွေးမြူဝန်ကြီးနဲ့ သံယဇာတဝန်ကြီးကို ပြစ်ဒဏ်စေ့လို့ ပြန်လွှတ်ပေးတာလို့ အကြောင်းပြထားပါတယ်။
မန္တလေးမြို့ခံတွေကတော့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ထောက်ခံသူလုထုရှိတဲ့အတွက် စစ်ကောင်စီဟာ ပြန်မလွှတ်ပေးရဲတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။
