စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဆင်ထားသည့်မိုင်းအား ဓာတ်ပုံလာရိုက်သော စစ်ကောင်စီကင်းထောက်တစ်ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ တာဝန်ခံ ကိုလင်းယုန်က ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာမြို့၊စက်မှုဇုန်ရပ်ကွက်၊ စန္ဒကူးလမ်းဆုံ၊ရေစင်ကြီးအနီးတွင် မိုင်းတစ်ခုအား ဆိုင်ကယ်နှင့် ခေါက်တုံ့ခေါက်ပြန် ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်သွားသော စစ်ကောင်စီ၏ ကင်းထောက်တစ်ဦးအား မိုင်း၂လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။
၎င်းမှာနေရာတင်လဲကျသွားပြီး စစ်အုပ်စုကလာရောက်တင်ဆောင်သွားသည်ဟု ဆိုသည်။
“သူ ဓါတ်ပုံရိုက်သွားတဲ့မိုင်းနဲ့ပဲ ခွဲခဲ့တာပါဗျ။ စကစ သတင်းပေးတစ်ဦးပါ။”ဟု Golden Eagle Force-Monywa-V2အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က ပြောသည်။
စစ်အုပ်စုနှင့်နီးကပ်နေ၍ သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးဘဲ ပြည်သူ့ ရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa-V2အဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa-V2နှင့် Black Dragon Special Task Force၊ Farmer Revolution Force(FRF UG တပ်ရင်း၉)၊ Monywa Ranger Army၊ Heroes Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာ၇ ရက်ကလည်း မုံရွာမြို့သို့ ပြန်လာသောစစ်ကောင်စီတပ်ကားတစ်စီးကို မြို့အဝင် ပြည်တော်သာအဝိုင်းထိပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
