စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တစ်ပတ်အတွင်း ဒုတိယအကြိမ် လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခံရပြီး ကင်းစောင့်ရင်းအိပ်ပျော်နေသော စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယနေ့ (နိုဝင်ဘာ ၁၁ ရက်)နံနက် ၅ နာရီခန့်က မြင်းမူမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
“စခ ရှစ်ကောင် အိပ်ပျော်နေတဲ့အချိန် သံပုရာသီးလက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခဲ့တယ်။ ပစ်ခတ် တဲ့အချိန် ငါးကောင်သေ၊ တစ်ကောင်အပြင်းအထန်ဒဏ်ရာရပြီး နှစ်ကောင်က အချက်သုံးဆယ်လောက်ပြန်ပစ်ခဲ့တယ်။ ရဲဘော်တွေကတော့ လွတ်ကင်းတဲ့နေရာရောက်ပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ(၃) True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ကလည်း မြင်းမူမြန် မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
