စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ပိုင်း၌ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
နိုဝင်ဘာ ၉ ရက် ညနေ ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ပျူစောထီးကြီးစိုးရာ မခေါက်ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အနောက်ပိုင်းရှိ ကျောက်ကြမ်းတောင်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများအား အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မခေါက်ရွာပျူ ခေါင်းဆောင် တင်မိုးအောင်မှာ နေရာတွင် သေဆုံး၍ အပေါင်းအပါ စစ်ကောင်စီတပ်နှင့်ပျူအဖွဲ့ဝင် သုံးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါ စစ်ဆင်ရေးအား နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂) ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မခေါက်ရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပေါင်းကာ ရွှေဘိုနယ်အရှေ့ပိုင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်ခဲ့သေးသည်။
