တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားနိုဝင်ဘာ ၈ရက်တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူကပြောသည်။
“တိုက်ပွဲ ၂ခုက ခရိုင်တပ်ရင်းကတိုက်တာ၊မဟာမိတ်အခြားအဖွဲ့က မိုင်းဆွဲခဲ့တာပါ”ဟု မြိတ်ခရိုင်၊တပိရင်း(၁)တာဝန်ရှိသူကပြောသည်။
ပုလောမြို့နယ်၊ ကဒဲရွာရွာ၊စက်တော်ရာရွာနှင့်သင်္ကန်းတောရွာတို့တွင်နိုဝင်ဘာ ၈ ရက်၊မနက်၄ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို PDF၊မြိတ်ခရိုင်တပ်ရင်း(၁)၊မဟာမိတ်တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမြိတ်ခရိုင် တပ်ရင်း(၁)ကထုတ်ပြန်ထားသည်။

ထိုအပြင် မြိတ်မြို့မှ ပုလောမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုလည်း မနက် ၇နာရီတွင်စက်တော်ရာအနီး၌ မဟာမိတ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းမကြီးတစ်လျှောက်ရှိ တပိုရွာ၊ တိုရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာတို့ရှိနေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးထားသည်။ အိမ်များကိုမိးရှို့သည့်အပြင်ခရီးသည်တင်ယာဉ်များကိုလည်းဓားစာခံအဖြစ်တစ်နေကုန်ဖမ်းဆီးထားခဲ့သည်ဟုလည်းသိရသည်။
ထိုအအပြင် ည ၁၁နာရီတွင် သင်္ကန်းတောရွာမှ ပုလောမြို့သို့ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များကထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြန်သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“စက်တော်ရာနားမှာမိုင်းဆွဲတာစခ(စစ်ကောင်စီတပ်သား)တွေ ကားတစ်စီးပျက်စီးသွားတယ်။ အိမ်၃လုံးကိုလည်း မီးရှို့သွားတယ်။ နောက်ပြီး စခတွေပစ်တဲ့ လက်နက်ကြီးမှန်လို့ ကလေးမတယောက် ထိခိုက်ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရသည်ဟုလည်း အထက်ပါဒေသခံကပြောသည်။
မြိတ်-ထားဝယ်လမ်းကို နိုဝင်ဘာ ၈ ရက်မှစ၍ အသုံးမပြုရန် PDFများကအသိပေးထားပြီး ၊ခရီးသည်တင်မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများသည်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များကိုလိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
