ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၅က ယနေ့ ထုတ်ပြန်သည်။
တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ပြီး KNDF ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေး သည်။

“အဲဒီတိုက်ခိုက်မှုအပြင် မနေ့က ညနေပိုင်း ဒီး မော့ဆိုမှာ တိုက်ပွဲဖြစ်သွားတယ်လို့ မြေပြင် သတင်းအရ သိရတယ်။တစ်ခုရှိတာ သူတို့ဘက် က အထိနာရင် လေကြောင်း ဒါမှမဟုတ် လက်နက်ကြီးပစ်ကူ အရမ်းပေးတယ်။မနေ့ညက ဆို ဖယ်ခုံအနောက်ဖက်ခြမ်း၊ဒီးမော့ဆိုအရှေ့၊အနောက် ပတ်ပတ်လည် လက်နက်ကြီး နဲ့ အဆက်မပြတ်ကို စကစက ရမ်းသမ်းထုခဲ့တယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့ညပိုင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဖယ်ခုံမြို့နယ် လအိကျေး ရွာသို့ ကျရောက်ခဲ့ပြီး ဒေသခံပြည်သူသုံးဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

“လက်နက်ကြီး ကျည်ထိတဲ့ အမျိုးသားတစ်ဦး ကတော့ စိုးရိမ်ရတယ်။နောက်ထိတဲ့သူ အမျိုး သမီးနှစ်ဦးက အသက် ၈၁ နှစ် နဲ့ ၄၄နှစ် အရွယ်ဖြစ်တယ်”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က ပြောသည်။
ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)ကလက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာများတွင် နေထိုင်ရန် မိုးဗြဲ PDF တပ်ရင်း -၂ က ယမန်နေ့ည ၈နာရီခန့်တွင် အရေးပေါ် သတိပေးချက်ထုတ် ပြန်ထားသည်။
