မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဟိုက်အေ့စ်ခရီးသည်တင်ကားငယ်တစ်စီး အရှိန်လွန်ပြီးအုတ်ခုံကိုဝင်တိုက်ရာ ကားပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်ခုနှစ်ဦးစလုံးသေဆုံးသွားသည်။
ခရီးသည် ၆ဦး၊ ယာဉ်မောင်းတစ်ဦး လိုက်ပါလာပြီးခရီးသည်တင်ကားငယ်တစ်စီးသည် မြဝတီ – ကော့ကရိတ်အာရှလမ်းတောနော်ရေတံခွန်အနီးတွင်ယနေ့(နိုဝင်ဘာလ ၉ရက်)နံနက် ၈နာရီ ၄၀ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယာဥ်ပေါ်တွင်အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာခြင်းဖြစ်သည်။

“ကားကမြဝတီကနေဆင်းလာတာ။အံစာတုံးကားလို့ခေါ်တယ်။လမ်းတားတုံးကိုကျော်ပြီးအုတ်ခုံကိုဝင်တိုက်ပြီးမှောက်တာ။ခုနှစ်ယောက်တောင်သေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။


မြဝတီ-ကော့ကရိတ် အာရှလမ်းတွင်အောက်တိုဘာ ၃၀ရက်ကလည်းခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ခဲ့ရာခရီးသည် ခုနှစ် ဦးသေဆုံးကာ ၁၄ဦးဒဏ်ရာရခဲ့သည်။အောက်တိုဘာ ၅ရက်ကလည်းမော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ကားသည် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး ငါးဦးထက် သေဆုံးခဲ့သည်။
