ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်လမ်းပိုင်းတွင်ကင်းလှည့်နေသောစစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုNUG၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသအမှတ်(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က Vigoသုံးစီး၊မြေတင်ကားတစ်စီး၊ Honda Fit တစ်စီးဖြင့် အရပ်သားကားများကိုစီးနင်း၍ လာကြခြင်းဖြစ်သည်။
“Vigo တစ်စီးနဲ့ Honda Fit တစ်စီးထိသွားတယ်။ နှစ်ဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ ကနဦးသတင်းတက်လာတယ်” ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသအမှတ်(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်တွင် ကင်းလှည်နေသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈ ရက်၊ နံနက် ၇နာရီခန့်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှစစ်သည်တော်များတစုံတရာ ထိခိုက်မှုမရှိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းကလည်းထုတ်ပြန်သည်။
ထိုအတူ၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ စက်တော်ရာရွာတွင် စစ်ကောင်စီယာဉ်တန်း (၇)စီးကို ပုလောအရိပ်ပြောက်ကျားတပ်ဖွဲ့ကမိုင်း(၂)လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးပျက်စီးသွားသည်ဟုဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုအခြေအနေကိုမူမသိရသေးကြောင်းလည်း ဒေသခံများကပြောသည်။
မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်သားများ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိသွားပြီး စစ်ကောင်စီတပ်က ပြည်သူပိုင် အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်းဒေသခံများကပြောသည်။
“တိုက်ပွဲဖြစ်တော့ လမ်းမကြီးပေါ်မှာ အိမ်စီးကားနဲ့ ကုန်တင်ကား ၁၀၀လောက်ပိတ်မိနေတယ်။ စခတွေ(စစ်ကောင်စီတပ်)က သင်္ကန်းတောရွာက ကုန်စုံဆိုင်ကိုလည်း ဖောက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
မြိတ်-ထားဝယ်ကားလမ်းကို စစ်ကောင်စီတပ်က အရပ်သားယာဉ်များကို အသုံးပြုပြီးစစ်လက်နက်များသယ်ဆောင်နေခြင်းကြောင့် နိုဝင်ဘာ ၈ ရက်မှစတင်ပြီး ယာယီပိတ်သိမ်းကြောင်း PDF မြိတ်ခရိုင်၊တပ်ရင်း (၁) ကထုတ်ပြန်ထားသည်။
မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်နေသည်။
