ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၈ရက်) မနက်တွင် တိုက်ခိုက်ခဲ့ကြောင်း လီဒိုလမ်းရှိဒေသခံတစ်ဦးကပြောသည်။
“တနိုင်းကနေ အောက်ဘက်ကို ဆင်းလာတဲ့စစ်ကြောင်းကို မိုင်းရောဆွဲ ၊ ပစ်လဲပစ်တာ”ဟု ၎င်းကပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိနိုင်သည်ဟု သိရသည်။
“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားရာဒေသသည် KIA တပ်မဟာ(၂)နယ်မြေတွင်ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ရာ လီဒိုလမ်း နန့်ဖျန်နှင့် တိမ်ကောက်ကြားတွင် ယနေ့မနက် ၆နာရီခန့်က စစ်ကောင်ဏီတပ်ကို KIA တပ်ရင်း (၄၃) တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့သည်ဟု ပါရှိသည်။
ကချင်ဒေသစစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ကချင်သတင်းရင်းမြစ် တစ်ခုကလည်း လီဒိုလမ်း တိုက်ပွဲ၌ စစ်ကောင်စီ၏ ခလရ(၂၉၇) တပ် စစ်ကြောင်းကို KIA တပ်မဟာ(၂) ၊ တပ်ရင်း(၄၃) တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိသည်ဟုဖော်ပြထားသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ဖားကန့်၊ မိုးမောက်ဒေသများ၌လည်း ယခုရက်ပိုင်ူအတွင်းတိုက်ပွဲများဖြစ်ပွားနေသည်။
