မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ညပိုင်း၌ အကြမ်းဖက်ပြီး မီးရှို့နေသဖြင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ဖမ်းဆီးခံရကြောင်း ဒေသခံက ပြောသည်။
“အဲဒီနားမှာ ညနေ ၄နာရီလောက်ကတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက အကြီးအကျယ်တော့ မဟုတ်ပါဘူး။ တိုက်ပွဲတော့ ဖြစ်တယ်။ တိုက်ပွဲပြီးတော့ ရွာထဲဝင်လာပြီး ရှို့တာပဲ။ ပျားရွာက ရွာက ကြီးတယ်။ ရှေးဟောင်း လှိုင်ဂူတို့ ရှေးဟောင်းဘုရားတို့ရှိတယ်။ ပျားက နွားထိုးကြီးနဲ့ပိုနီးတယ်။ မြင်းခြံနဲ့ဝေးတယ်။ နွားထိုးကြီးနဲ့ မြင်ခြံကြားမှာပေါ့”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ရွာသားအချို့ အဖမ်းခံရတယ်ပြောတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကအထိ လောင်နေတုန်းပဲ။ ရွာထထထဲတော့ ဝင်လို့မရသေးဘူး” ဒေသခံက ယနေ့ နိုဝင်ဘာ ၈ရက်ည ၇နာရီခွဲခန့်တွင် ပြောသည်။
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ပျားကျေးရွာမီးရှို့ခံရမှု ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့ရာ ယနေ့ ညနေ ၆နာရီခန့်တွင် ပျားရွာ စာသင်ကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များက ရွာအရှေ့ပိုင်းက နေအိမ်များကို မီးရှို့ခဲ့ကြောင်းဖော်ပြသည်။ ရွာသူရွာသားများ ထွက်ပြေးနေရ၍အခြေအနေ အသေးစိတ် မသိရသေးဟုအသိပေးထားသည်။
