▪︎လူမစည်ကားဘဲ မီးပုံးပျံတစ်လုံးပျက်ကျ၍ မီးလန့်မှုဖြစ်
ပဲခူးတိုင်း၊ ပဲခူးမြို့၌ စစ်ကောင်စီတပ်က ပြုလုပ်သည့် မီးပုံးပျံပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မြန်မာနိုင်ငံအလံ ပြုတ်ကျခဲ့ကြောင်းဒေသခံများက ပြောသည်။
ပဲခူးရွှေမော်ဓောဘုရားတန်ဆောင်တိုင်ပွဲတော်အားယမန် နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရွှေမော်ဓောဘုရားယာဥ်ရပ်နားဝင်းတွင်မီးပုံးပျံပွဲနှင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။
ထိုပွဲ၌ ဘုရားကြီးဂေါပကဖအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မီးပုံးပျံအောက်ရှိ ငြိမ်းချမ်းရေးငှက်နှင့် မြန်မာနိုင်ငံအလံပုံစံတို့ကို မီးသီးများဖြင့်အလှဆင်ပုံဖော်ထားရာ အလံအပေါ် ပိုင်းပြုတ်ကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဘုရားကြီးအဖွဲ့လွှတ်တာ မြန်မာနိုင်ငံ အလံကြီးပြတ်ကျသွားတယ်။ မီးပုံးလွှတ်တင်ခါနီး မြန်မာနိုင်ငံအလံ အပေါ်ပိုင်းပြတ်ကျသွားတာ”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ည ၈ နာရီခွဲခန့်တွင် ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားလမ်း၊ ငါးမျှားချိတ် စက်ရုံအပေါ်ကို မီးပုံးပျံပြုတ်ကျပြီး မီးလန့်မူဖြစ်ပွားခဲ့ရာ မီးသတ်ကား (၇)စီး၊ Ambulance (၁) စီး ထွက်သွားခဲ့ကြောင်း၊ ပဲခူးမြို့ပေါ်၌ အခြားမီးပုံးပျံ လွှတ်တင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏တန်ဆောင်တိုင်ပွဲတော်နှင်မီးပုံးပျံပွဲမှာထင်သလောက်လူစည်ကားခြင်းမရှိဘဲ မီးပုံးပျံကြီး ၆ လုံး လွှတ်တင်ခဲ့ပြီး နောက်ဆုံးအလုံးလွတ်ချိန်၌ လူမရှိသလောက် ပါးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုအပြင် အဆိုပါပွဲသို့လာရောက်သူ အများစုမှာ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ၊စစ်ကောင်စီကဌာနတစ်ခုလျှင်လူ ၁၀ ယောက် မဖြစ်မနေတက်စေကြောင်းလည်း ဒေသံများကပြောသည်။




ဖျော်ဖြေပွဲကို မိုးအောင်ရင်၊ အိုင်းရင်းဇင်မာမြင့်၊ အေးမြဖြူတို့ ပါဝင်ခဲ့ကြောင်းသိရသည်။
ရွှေမော်ဓော ဘုရားရင်ပြင်တော်ပေါ်၌လည်း မသိုး သင်္ကန်းကပ်ပြိုင်ပွဲကို ည ၇ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ပြီး လာရောက်သူနည်းပါးခဲ့သည်ဟု ဒေသခံများက ပြောသည်။အလားတူ ပွဲတော်အတွင်းပြခန်းများတွင်လည်း လူနည်းပါးခဲ့ကြောင်းသိရသည်။
“ပဲခူးမြို့ကပြည်သူအများစုကနာကျည်းချက်ကြောင့်မသွားကြဘူးလို့ မြင်ပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ ၂၀၂၁ဧပြီ ၉ ရက်တွင် ပဲခူ မြို့ မှဆန္ဒပြ လူငယ်များကို စစ်ကောင်စီတပ်က တိုက်ပွဲသုံးလက်နက်များအသုံးပြု ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ တစ်ရက်ထဲ ပြည်သူ ၈၀ ကျော်ကျဆုံးခဲ့သည်။
