PDF ကဖမ်းဆီးပြီးစစ်ဘေးရှောင်ပြည်သူများကိုပေးဝေ၊ စစ်တပ်ကလိုက်လာ၍ဆန်အိတ် ၄၀၀သာသယ်လိုက်ရ
▪︎”ဒီကောင်(စစ်ကောင်စီတပ်)တွေ ထွက်လာပြီဆိုတဲ့သတင်းရတော့ပြည်သူတွေထိမှာစိုးလို့ ပြန်ခိုင်းလိုက်တယ်။ ပထမတော့သင်္ဘာပါမီးရှို့မလို့။မသယ်နိုင်တာတွေ အကုန်မီးရှို့ဖို့စဥ်းစားတယ်။ သင်္ဘာပေါ်မှာက ရေနံပေပါတွေ၊ ဆီပေပါတွေပါနေတော့မီးလောင်ရင် မြစ်ကမ်းဘေးရွာတွေပါ ထိကုန်မှာမို့လို့လက်လျှော့လိုက်ရတယ်” – ကိုနွေဦး
ဆန်အိတ် ၁၅၀၀၀ ကျော်ပါသောစစ်ကောင်စီရိက္ခာတင်သင်္ဘာတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်အတွင်း ယနေ့ဖမ်းဆီးပြီး စစ်ဘေးရှောင်ပြည်သူများကိုဆန်အိတ်များပေးဝေခဲ့သည်။
မန္တလေးမှထွက်ခွာလာပြီးဆန်အိတ် ၁၅၀၀၀ ကျော်တင်ဆောင်လာသောသင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကယနေ့(နိုဝင်ဘာ၆ရက်) နေ့လယ် နှစ်နာရီတွင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“စစ်ခွေးသင်္ဘာကို တိုက်ဖို့စောင့်နေတာ။စစ်ခွေးသင်္ဘာမရောက်လာခင် ရေစကြိုဖက်ကနေ သတင်းပို့လာတာက စစ်ခွေးရိက္ခာတင်သင်္ဘာတစ်စီးလာနေပြီလို့။ ဒါကြောင့်တားဆီးဖမ်းလိုက်ပြီး ဆန်အိတ်တွေလာသယ်ဖို့ ပြည်သူတွေကိုကြေငြာလိုက်တာ”ဟုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံကိုနွေဦးကပြောသည်။
စစ်ကောင်စီရိက္ခာတင်သင်္ဘာကို ချင်းတွင်းမြစ်ဆိပ်တစ်ခုဖြစ်သော နနွင်းကိုင်းဆိပ်တွင် ကပ်ခိုင်းပြီးဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ပြည်သူများဆန်အိတ်များသယ်နေစဥ်ညနေသုံးနာရီခန့်တွင်စစ်ကောင်စီကရေကြောင်းမှရောကုန်းကြောင်းမှပါနနွင်းကိုင်းဆိပ်သို့ ဦးတည်လာနေ၍ဆန်အိတ်သယ်ယူခြင်းရပ်လိုက်ရသည်။ တစ်နာရီခန့်အတွင်း ဆန်အိတ်လေး၄၀၀ ခန့်သာသယ်ယူနိုင်ခဲ့သည်ဟု ကိုနွေဦးကပြောသည်။
“ဒီကောင်တွေ ထွက်လာပြီဆိုတဲ့သတင်းရတော့ပြည်သူတွေထိမှာစိုးလို့ ပြန်ခိုင်းလိုက်တယ်။ ပထမတော့သင်္ဘာပါမီးရှို့မလို့။မသယ်နိုင်တာတွေ အကုန်မီးရှို့ဖို့စဥ်းစားတယ်။ သင်္ဘာပေါ်မှာက ရေနံပေပါတွေ၊ ဆီပေပါတွေပါနေတော့မီးလောင်ရင် မြစ်ကမ်းဘေးရွာတွေပါ ထိကုန်မှာမို့လို့လက်လျှော့လိုက်ရတယ်”ဟု ကိုနွေဦးက People’s Spring သို့ပြောသည်။
အထက်ပါသင်္ဘာသည် စစ်ကောင်စီက ချောဆွဲခံထားရသည့်သင်္ဘာဖြစ်သည်။အောက်တိုဘာလ ကုန်ခန့်က မန္တလေးဆိပ်ကမ်းတွင် ကမ်းကပ်ထားစဥ် စစ်ကောင်စီက ချောဆွဲပြီး ဆန်အိတ်များပို့ဆောင်ခိုင်းခြင်းဟု သဘောဝန်ထမ်းများက ပြည်သူ့ကာကွယ်ရေးရဲဘော်များထံ ထွက်ဆိုခဲ့သည်။
“အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒုက္ခပေါင်းစုံရင်ဆီးခံစားခဲ့ရသောပြည်သူများအား စိတ်ကြိုက်ယူဆောင်ခွင့်ပြုခဲ့သည်။ ပြည်သူများအဆင်ပြေလျှင် ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှာပီတိဖြစ်နေကြရပါသည်။ထို့အတွက် ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှ လုံခြုံရေးအပြည့်ဖြင့်စောင့်ရှောက်ပေးခြင်းဖြင့် ပြည်သူ့ကာကွယ်ရေးများပီပီ ပြည်သူများအတွက်အလုပ်အကျွေးပြုနိုင်ခဲ့ပါသည်” ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
