စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။
ယနေ့(နိုဝင်ဘာ၆ရက်) ညနေ၄နာရီ၂၃မိနစ်ခန့်က မြင်းမူမြို့၊မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)-တပ်ရင်း-၇နှင့် လက်အောက်ခံတပ်ခွဲ(၃)True Fighterအဖွဲ့တို့က လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။

“လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။”ဟု ကိုသက်ကြီးက ပြောသည်။
နိုဝင်ဘာ ၃ ရက်ကလည်း အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စစ်တပ်အခြေစိုက်စခန်းအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနှင့်ပျူ အများအပြားသေဆုံးခဲ့သေးသည်။
