လက်နက်၊ခဲယမ်းများရရှိကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် တပ်ရင်း(၁) ထုတ်ပြန်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀)တပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပြီး လက်နက်၊ခဲယမ်းများရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် တပ်ရင်း(၁)က ယနေ့(နိုဝင်ဘာ ၆ရက်) ထုတ်ပြန်သည်။
ထိတွေ့တိုက်ပွဲအရ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)နှင့် Flying Stars ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်) ပူးပေါင်းစစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေရာသို့ ခမရ (၅၆၀) တပ်ရင်းမှ ဝင်ရောက်လာခြင်းဟု ဆိုသည်။

ပြည်ထောင်စုလမ်းမကြီးအတိုင်း ခြေလျင်ဆင်း လာသည့်အင်အား ၁၅ ဦးခန့်ပါ ခမရ (၅၆၀) တပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ် ခတ်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ (စိ စစ်ဆဲ) ဖြစ်သော်လည်း စစ်ကောင်စီတပ်သား အများစုသည် မိုင်းနှင့် ကျည်ထိမှန်ကြောင်း အသိပေးသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက် ကော့သောင်းခရိုင် တပ်ရင်း(၁)မှ ရဲဘော်သုံး ဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်းကော့သောင်းခရိုင်တပ်ရင်း (၁) က ပြောသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ (၆၀) မမ ဗုံးသီး ခုနစ်လုံး၊ ၅ ဒသမ ၅၆ ကျည်ဆံ (၂၀၀) တောင့်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။
ယခုတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကျေးရွာနေပြည်သူလူထုများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
