မကွေးတိုင်း ဆောမြို့နယ်မှ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDMပြုလုပ်လာကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ဆောမြို့နယ်ရှိ ရဲစခန်းတစ်ခုမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဆံများဖြင့် နိုဝင်ဘာ ၂ရက်တွင် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူဖော်ပြသည်။

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။
ယခင်က CDM ချီးမြှင့်ငွေကို ကျပ်သိန်း ၈၀ သတ်မှတ်ကြေညာထားသော်လည်း လက်ရှိ တော်လှန်ရေး ရေချိန်အချိန်ကာ အနေအထားနှင့် လက်နက်အမျိုးအစားအပေါ် မူတည်၍ ချီးမြှင့်ငွေအား ပြောင်းလဲ သတ်မှတ်မည်ဟုလည်း အသိပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်မှ တပ်သား တစ်ဦး MA-1 သေနတ်၊ ကျည်ဘောက် ၅ခု ၊ ကျည် ၂၇၀ တောင့်ဖြင့် CDM ပြုလုပ်လာရာ ၎င်းအား ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
