ကချင်ပြည်နယ် ဖားကန့်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ယမန်နေ့(နိုဝင်ဘာ ၄ရက်)က မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီလက်အောက်ခံ ဒဏ်ရာရရဲသုံးဦးအနက် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။
ယင်းသုံးဦးကို ဖားကန့်ဆေးရုံ၌ ကုသနေစဥ် ယနေ့ တစ်ဦးသေဆုံးသွားသည်ဟု ဆေးရုံအနီးမှ ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့ ဆေးရုံမှာ ရဲတစ်ယောက်သေသွားတယ်။ နှစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ မိုင်းက တော်တော်အောင်တယ်”ဟု အထက်ပါ ဒေသခံက သတင်းပေးပို့သည်။
ယမန်နေ့ နေ့လယ်ပိုင်း မိုင်းပေါက်ကွဲပြီးနောက် ညဘက်တွင် စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်မှုများ အကြောင်းမဲ့ပြုလုပ်ခဲ့သည်။ စစ်ကောင် စီတပ်သည် ဖားကန့်ဒေသ၌ အင်အားနည်းနေသလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFပူးပေါင်းအဖွဲ့ကို ကြောက်လန့်နေပြီး ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဟု ဒေသခံများကို ပြောသည်။
