အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်(AGD) ၏ ဦးချစ်မောင်လမ်းဘဏ်ခွဲကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းDark Shadow အဖွဲ့နှင့် Brave Eagles အဖွဲ့တို့က သတင်းထုတ်ပြန်သည်။
ယင်းဖောက်ခွဲမှုကို နိုဝင်ဘာ ၄ ရက် နေ့လယ်၂ နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Brave Eagles အဖွဲ့နှင့် Dark Shadow အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“AGD Bankသည် ခရိုနီတေဇပိုင် Htoo Groupရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စကစရဲ့ အဓိက စီးပွားရေးထောက်တိုင်တစ်ခုအဖြစ် အခိုင်မာရပ်တည်နေခြင်းကို သက်သေစုံစွာဖြင့် ကျွန်ုပ်တို့မဟာမိတ်ညီနောင်များမှ စစ်ဆေးတွေ့ရှိရသောကြောင့် စီးပွားရေးပစ်မှတ်အဖြစ် ဒဏ်ခတ်အရေးယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် ဘဏ်အဆောက်အဦး မျက်နှာစာပိုင်း ၊ ဘဏ်ကား ၊ မီးစက်များ ပျက်စီးမှူရှိသည်ဟု အသိပေးထားသည်။
“နေ့လယ်က ကျွန်တော်တို့ ဗဟန်းဖက်မှာ ပေါက်ကွဲသံ တစ်ချက် ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်တယ်။ နောက်မှ AGD Bank ရှေ့မှာ ဗုံးပေါက်မှန်း သိတာပါ။ ဘဏ်ရှေ့က မီးစက်နဲ့ ကားအချို့ ထိခိုက်သွားတယ်လို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့တော့ ကြားပါတယ် ” ဟု ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Mission ပြုလုပ်ရာတွင် ပြည်သူများမထိ့စေရန် အထူးဂရုပြုခဲ့ပြီး ၊ရဲဘော်များအားလုံးဘေးကင်းရာရောက်ပြီဖြစ်ကြောင်းDark Shadow အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“UG တွေကိုထောက်ပံ့ကြ။ တော်လှန်ရေးကိုဆက်လက်သယ်ဆောင်ကြပါ။ ပြည်သူတွေအနေနဲ့လည်း.စကစဒေါက်တိုင်တွေနဲ့ ဝေးဝေးမှရှောင်ရှားသွားလာဂရုစိုက်ဖို့လေးနဲ့၊ နောက်ကွယ်ကနေ လုံခြုံရေးဂရုစိုက်ပြီး ထောကိပံ့ပါ။ ကူညီပါ တော်လှန်ရေးကို ကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူပူးပေါင်းပါဝင်ပေးကျပါ။ပြည်သူတွေအနေနဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး အားတင်းထားပေးကြပါ”ဟုDark Shadow အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗဟန်းမြို့နယ် ဦးချစ်မောင်အိမ်ရာအနီး၊ အရှေ့မြင်းပြိုင်ကွင်းနှင့် မြောက်ပြိုင်ကွင်းလမ်းဆုံအနီးတို့တွင် လမ်းသွားလမ်းလာ ကားများအား စစ်ကောင်စီဝင်များနှင့် ယာဥ်ထိန်းရဲများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
