ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် (AA)က ယနေ့(နိုဝင်ဘာ ၄ရက်)နံနက်တွင် ဖမ်းဆီးသွားကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“အရင်တုန်းကလည်း AA က အဲဒီလိုမျိုးဖမ်းတာရှိတယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ AAရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ ပါတဲ့သူတွေကိုလည်း စစ်ကောင်စီကနေပြီး ဖမ်းဆီးတာတွေရှိတယ်ဆိုတော့ အပြန်အလှန် ဖမ်းဆီးတဲ့သဘောလို့ မြင်တယ်” ဟု ရခိုင်ဒေသခံက ပြောသည်။
ဌာနဆိုင်ရာ ပေါင်းစုံဘုံကထိန်ပွဲကျင်းပစဉ် စခန်းမှူးကို ရွေးပြီး AAက ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဆိုသည်။
“အရင်ကတည်းက အဲဒီနေရာက AAက အင်အားအများကြီးနဲ့ စိုးမိုးတဲ့နေရာ သူတို့ လှုပ်ရှားသွားလာနေတာကို AAက စောင့်ကြည့်နေပြီး အပိုင်ဖြစ် တာနဲ့ ဖမ်းသွားတာ”ဟု ရခိုင်ဒေသခံက ပြောသည်။
ဖမ်းဆီးခံရသည့် ရဲစခန်းမှူးမှာ ရဲအုပ်ကိုကိုမင်းထွန်း ဆိုသူဖြစ်ပြီး မအီမြို့နှင့် (၅)မိုင်ခန့်အကွာရှိ စတဲကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဌာဆိုင်ရာစုပေါင်း ဘုံကထိန်ပွဲ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန Western News က ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
အလားတူ စစ်ကောင်စီတပ်ကလည်း AAနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုများကို မြို့နယ်အများအပြား၌ ပြုလုပ်ခဲ့သည်။
