ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်းသို့ ယနေ့ညပိုင်း၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရသူအချို့ရှိသည်ဟု KBC တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယနေ့ (နိုဝင်ဘာ ၃ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုသိရသည်။

“ဟုတ်တယ် အမျိုးသားဆောင်နားမှာ ကျတာ သုံးယောက်ထိတယ်။ အခုလောလောဆယ်ဆယ်တော့ အဲဒီလောက်ပဲ သိသေးတယ်။ လက်နက်ကြီးကျတာ” ဟု KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်သူတွေအပေါ် ပစ်မှတ်ထားတာမျိုးတော့လုံး၀မလုပ်သင့်ဘူး” ဟု KBC တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၂၃ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ အရပ်သားပြည်သူများ ပါဝင်သည့် ဂီတဖျော်ဖြေပွဲသို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူအများအပြားရှိခဲ့သည်။ အဆိုပါ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိမ်းအမှတ်နေ့အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ကချင်ဒေသခံက ပြောသည်။

ထိုကြောင့်KIC (ကချင် လွတ်လပ်ရေးကောင်စီ)ကလည်းအနန့်ပါဖြစ်စဥ်နှင့်လက်ယက်ကုန်းဖြစ်စဉ်အရ ပြည်သူလူထုလုံခြုံမှု လုံးဝမရှိတော့သည့်အတွက် ပြည်သူတစ်ရပ်လုံး စစ်ရေးသတိရှိကြရန် နိုဝင်ဘာ ၁ ရက်တွင် အသိပေးထားသည်။
