မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်ဘေးရှိ တောင်ရွာသစ် (ဂန်ရွာ ) မှာ ဒီနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ရာ နေအိမ် ၄၁လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအသင်းထံကနေစုံစမ်းသိရပါတယ်။
တောင်ရွာသစ်(ဂန်ရွာ)မှာ ဒီ နေ့ ညနေ၅နာရီဝန်းကျင်က စတင်ပြီး တစ်နာရီကျော်ကြာ မီးလောင်ခဲ့ရာ နေအိမ် ၄၁လုံးမီးထဲပါသွားပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူ နှစ်ဦး မှာ တစ် ဦးဟာ ပရဟိတအသင်းသားဖြစ်ပြီး နောက်တစ်ဦးကတော့ ရပ်ကွက်နေပြည်သူဖြစ်ပါတယ်။
” ရပ်ကွက်အနေအထား လမ်းဧရိယာတွေက တော်တော်လေးကျဉ်းတယ်၊ ၅ပေလောက်ပဲရှိတော့ မီးသတ်ကားအလွယ် တကူဝင်မရတော့ မီးလောင်ချိန်ကြာသွားတာ”လို့ ဂန်ရွာမှာ နေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။
