PDF တပ်ဖွဲ့ဝင်တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ အထူးကုဆရာဝန်အချို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကို စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။
သူတို့ ၅ ဦးကို ပုလဲ − ဂန့်ဂေါလမ်း မှာ ဆေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ၆ ဘီးကား ဖမ်းမိတာနဲ့ဆက်စပ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီဆေးပစ္စည်းတွေဟာ PDF ကိုထောက်ပံ့တာလို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
အဲဒီနောက်မှာတော့ မန္တလေးက အထူးကုဆရာဝန်ကြီးအချို့ဆက်လက်အဖမ်းခံခဲ့ရတယ်လို့ မန္တလေး မြေပြင်သတင်းတွေကိုဖော်ပြနေတဲ့ ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ Vomdy က အသိပေးပါတယ်။
Vomdy ရဲ့ဖော်ပြချက်အရ အောက်တိုဘာလ ၃၁ ရက်ပိုင်းမှာ အထူးကု ဆရာဝန်အမျိုးသမီး ၂ ဦး နဲ့ ကျန်းမာရေးဝန်ထမ်း ၂၄ ဦး ထပ်အဖမ်းခံလိုက်ရတယ်လို့သိရပါတယ်။
ဖမ်းခံရသူတွေဟာ ဆရာဝန်တွေနဲ့သူနာပြုတွေအများစုပါတယ်လို့လည်းဆိုထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နောက်ထပ် ဖမ်းဆီးတဲ့ သတင်းကို ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
