ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုတွေအပြီးမြန်မာခရိုနီဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်နဲ့ ဆက်စပ်နေတဲ့ ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ၁.၈ ဘီလီယံလောက်(အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်)ကို သိမ်းဆည်းရမိခဲ့ကြောင်း မက်ထရိုပိုလီတန်ရဲဌာန(MPB)နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ (ONCB)တို့ကကြေညာခဲ့ပါတယ်။
ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။
မက်ထရိုပိုလီတန်ရဲဌာနရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ရဲမှူးချုပ်နီတီသောင်ဂျင်တာကာနွန်က ရဲတပ်ဖွဲ့ အရာရှိတွေဟာ ဦးထွန်းမင်းလတ်ရဲ့ မသင်္ကာစရာငွေကြေးအလွှဲအပြောင်းတွေကို ၂၀၁၉ ခုနှစ်မှာ စတင်ထောက်လှမ်းမိလာတယ်လို့အတည်ပြုပါတယ်။
အခုအခါမှာတော့ မက်ထရိုပိုလီတန်ရဲဌာနဟာဦးထွန်းမင်းလတ်နဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူကြောင်းအစီရင်ခံစာကိုထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။အဲဒီသိမ်းယူမှုတွေထဲမှာမီးခံသေတ္တာထဲက ငွေသားတွေ၊ ကားတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ဇိမ်ခံအသုံးအဆောင် ပစ္စည်းတွေအကျုံးဝင်ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၁.၈ ဘီလီယံလောက် ရှိတယ်လို့ နီတီသောင်က ဆိုပါတယ်။
မက်ထရိုပိုလီတန်ရဲဌာနဟာ ပိုင်ဆိုင်မှုတွေကိုသိမ်းယူလို့မရခဲ့ဘူးဆိုရင်ဦးထွန်းမင်းလတ်ရဲ့ အခွန်မှတ်တမ်းတွေကို နောက်ကြောင်းပြန် စုံစမ်းပြီး အဲဒီငွေကြေးတွေကို တခြားလမ်းကြောင်းတွေကနေ ပြန်လည် ရယူဖို့ပါ ကြိုတင် စီစဉ် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
မက်ထရိုပိုလီတန်ရဲဌာနက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်မှု ရှိနေပြီး မြန်မာစစ်တပ်အတွက် လိုအပ်တဲ့လက်နက်နဲ့အသုံးအဆောင် ပစ္စည်းတွေ ဝယ်ယူနိုင်အောင် ကူညီပေးခဲ့တဲ့ ဦးထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ တရားစွဲဆို ခံထားရကြောင်း အတည်ပြုထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဦးထွန်းမင်းလတ်ရဲ့ မူးယစ်ဆေး မှောင်ခိုကွန်ရက်ကို ပိုပြီး အားထည့် စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ ဦးထွန်းမင်းလတ်ရဲ့ လုပ်ငန်းတွေမှာ အဓိက ကြံရာပါတွေလို့ သတ်မှတ်ခံထားရသူ ထိုင်းနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ပင်နာရောင် ခွန်ပီတက်ခ်နဲ့ ကယ်လေယာဝီ သီရပ်ရာပါဝေါင်တို့ နှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။
