ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေတွင် ယနေ့ (နိုဝင်ဘာ ၂ရက်) တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂ရက်တွင် ရွှေညောင်ပင်ဒေသ၌ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ(၂၀၇)တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။
ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ စနိုက်ပါစစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။
မြ၀တီ – ဝေါ်လေလမ်း တစ်ဝိုက်တွင် အောက်တိုဘာ လအတွင်းကလည်း ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီး ဝင်းမင်းဦးအပါအဝင် သေဆုံးထိခိုက်မှုများခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။
