တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် PDF မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂)တို့ကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးစစ်သည်(တနင်္သာရီ)တပ်ဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာများသို့ အောက်တိုဘာ ၂၉ ရက်မှ ၃၁ရက်အထိ စစ်ကြောင်းထိုးခဲ့ရာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများသော်လည်း စာရင်းအတိအကျမသိရသေးဟု ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားများအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာမှ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရကြောင်း ဖော်ပြထားပြီး အသေးစိပ် အခြေအနေအား နဂါးစစ်သည်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။
“အကြမ်းဖက်စစ်တပ်ဘက်မှ စခများ ထိခိုက် သေဆုံးမှုများပြားရှိ၊ သေပျောက်စာရင်းအား ဆက်လက်စီစစ်နေဆဲဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုမှရဲဘော်တစ်ဦး ထိခိုက်မှုရှိ(မစိုးရိမ်ရ)ပါ”ဟု အသိပေးသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့(နို ဝင်ဘာ ၁)ကလည်း ညောင်ပင်ကွင်းနှင့် ဘန်လောကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုများရှိခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် နှိုးဆော်ထားသည်။
