စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ် အတွက် မိုင်းသယ်လာပေးသည့် ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦး မိုင်းကွဲ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁ရက်) နံနက် ၅နာရီခွဲခန့်က ဒီပဲယင်းမြို့၊ ဝါစိုက်ပျိုးရေးရုံးနှင့် ကန်တော်ရိုးအနီး၌ အမျိုးသားတစ်ဦး မိုင်းတစ်လုံးကို ပွေ့ချီလာပြီးနောက် ၎င်း၏ လက်ပေါ်မှာပင် မိုင်းကွဲကာ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်၍ သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။
သေဆုံးသူမှာ ဒီပဲယင်းရဲစခန်းမှ ရဲမေတစ်ဦး၏ မိသားစုဝင်တစ်ဦးဟု ဒေသခံတို့က ဆိုသည်။
“သူတို့ထောင်ထားတဲ့မိုင်းနဲ့ သူတို့လူပြန်ထိတဲ့သဘောပါဗျ။ နေရာအပြောင်းလဲလုပ်မဲ့ပုံစံလို့ သတင်းပေးသူထံမှရရှိပါတယ်”ဟု ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နေရာအနှံ့၌ မိုင်းများထောင်ထားကြောင်း သတင်းရရှိထားသောကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သော ပြည်သူများ သတိထားသွားလာကြရန် ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားသည်။
