မင်းကင်းမြို့ အနောက်မြောက်ဘက် ၉ မိုင် ကျော်အကွာအဝေးရှိ စစ်ကောင်စီ၏လက်အောက်ခံပျူစောထီးရွာဖြစ်သောသေမသောက်ရွာရှိ ပျူစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ငါးဦးထက် မနည်းသေဆုံးကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှတာဝန်ရှိသူကပြောသည်။
နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင်တိုက်ခိုက်ခဲ့ရာပျူစောထီးစခန်းအတွင်းပိုင်းရှိ နေရာအချို့ကိုပါ စီးနင်းနိုင်ခဲ့ပြီး Carbine M-2 သေနတ်(၃)လက်နှင့်ကျည်အချို့ကိုပါသိမ်းဆည်းနိုင်ခဲ့သည်။
“ပျူစခန်းကို စီးနင်းနိုင်ဖို့ တစ်ညလုံးကြိုတင်ပြင်ဆင်ခဲ့ရတယ်။သူတို့ဘက်က ဆလိုက်မီး တွေအချိန်ပြည့် ရမ်းနေတော့ ညလုံးပေါက် စောင့်ပြီး မနက် ၅ နာရီလောက်မှာ စခန်းနားချဥ်းကပ်နိုင်ပြီးပွဲစဖြစ်တာ”ဟု S.R.F တာဝန်ရှိသူက People’s Spring သို့ပြောသည်။
နာရီဝက် ခန့်ကြာမြင့်သည့် ပျူစောထီးစခန်း အား စီးနင်းတိုက်ခိုက်မှုကို ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့(S.R.F) တပ်ရင်း(၁)နှင့်တပ် ရင်း(၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပျူစောထီးစခန်းသည် စစ်ကောင်စီ တပ်သားများပါရှိပြီး အင်အား ၄၀ ဝန်းကျင် ဖြင့်သေမသောက်ရွာအတွင်း တပ်စွဲထားခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မင်းကင်းမြို့နယ် သည် ပျူစောထီး များအားကောင်းရာ ဒေသ ဖြစ်ပြီး ၎င်းတို့အားမထောက်ခံသည့် ကျေးရွာ များကို မီးရှို့ခြင်း၊လူသတ်ခြင်း၊ ပစ္စည်းများခိုး ယူခြင်းတို့ကို စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိသည်။
