ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက် နဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဆရာဝန်ဒေါက်တာမင်းဇော်ဦးအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၅ ဦးကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။
စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း ပုလဲ − ဂန့်ဂေါ လမ်းမှာ ၆ ဘီးကား ကို စစ်အုပ်စုက ဖမ်းဆီးရာမှာ ကားပေါ်မှာ မေ့ဆေးစက် အပါအဝင် ဆေးဝါးတွေ မိတာနဲ့ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာလို့စစ်အုပ်စုက သတင်းထုတ်ထားပါတယ်။
ယာဉ်မောင်းအပြင် ကားဂိတ်က ဂိတ်မှူး ၊ဂိတ်စာရေးကိုပါ စစ်အုပ်စုက တပါတည်းဖမ်းဆီးခဲ့ပါတယ်။
ဖမ်းခံလိုက်ရတဲ့ CDM ဆရာဝန်နဲ့ သူနာပြုတွေဟာ စစ်ကိုင်းတိုင်း ၊ထီးလင်းက PDF တွေကို ထောက်ပံ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံးဆန့်ကျင်တဲ့ CDMကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်နေတာပဲဖြစ်ပါတယ်။
