▪︎စစ်ကောင်စီတပ်ကိုတုံ့ပြန်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများဘေးလွတ်ရာရှောင်ရန်မြိုင်ပကဖ သတိပေး
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် ပေါက်နယ်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များအား စစ်အုပ်စုက ဖြတ်တိုက်ရာ ပြည်သူ့ ရဲဘော်၅ဦး ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကိုလက်ယျာ ကပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းကမကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆိတ်သာရွာ၊တောင်ရိုးရွာ၊ ဂွေးကုန်းရွာ၊ ကျောက်ခွက်ရေနံမြေစခန်း ပတ်လည်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၆နာရီ ၄၅ မိနစ်တွင် မြိုင်နယ်နှင့် ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာအနီးသို့ ရောက်ရှိလာခဲ့သည်။
ထိုစစ်ကောင်စီစစ်ကြောင်းအား မြိုင်နယ်နှင့်ပေါက်နယ်ကျေးရွာ ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရန်ပြင်ဆင်နေချိန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် ပျူများက နောက်ကျန်နေသော ပြည်သူ့ရဲဘော် လက်နက်ကြီးအဖွဲ့အားဖြတ်၍တိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖက အသိပေးသည်။

“အဲဒီနောက်ကျနေတဲ့အဖွဲ့က ဖုန်းလိုင်းကလည်းမကောင်းတော့ ရှေ့ကအဖွဲ့တွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သူတို့လာတဲ့အချိန် ွေးစစ်ကြောင်းက တောလမ်းကနေဖြတ်တတ်တဲ့အချိန် သူတို့ကားနဲ့အကြုံမှာ ကားကိုရပ်ခိုင်းတော့ရပ်ပေးလိုက်တယ်။ ရပ်ပေးလိုက်တဲ့အချိန်မှာ ဘာမှမပြောတော့ဘဲ တန်းပစ်တော့တာ။”ဟု မြိုင်ပကဖအဖွဲ့မှ ကိုလက်ယျာက ပြောသည်။
ထိုသို့တိုက်ခိုက်ခံရသဖြင့် ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့မှ ရဲဘော်၅ဦး ကျဆုံးပြီးရဲဘော်၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ကျေးရွာတပ်ဖွဲ့ဝင်များ စေလွှတ်လျှင် စနစ်တကျမှာကြားစေလိုကာ ခေါင်းဆောင်များကိုယ်တိုင်အနီးကပ်လိုက်ပါကြပ်မတ်စေလိုကြောင်း၊ ယခုကဲ့သို့ထပ်မံဖြစ်စဥ်မျိုး မဖြစ်ပွားစေရန်တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ပြီး ကင်းထောက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြိုင်ပကဖအဖွဲ့ကအသိပေးသည်။
စစ်ကောင်စီစစ်ကြောင်းအား လက်စားခြေ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများဘေးလွတ်ရာရှောင်စေလိုကြောင်း၊ ဖမ်းဆီးခံ ပြည်သူများကြောင့် မိုင်းများ ရှောင်ရှားပေးနေရခြင်းဖြစ်ကြောင်း မြိုင်ပကဖအဖွဲ့က သတိပေးသည်။
