စစ်ကောင်စီတပ်မှ ၂၄ဦးထက်မနည်းသေ၊ ဒဏ်ရာရသူ ၂၆ဦးရှိ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု AA အသိပေး
စစ်ကောင်စီတပ်က ကျေးရွာများသို့ ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်၍ တစ်လအတွင်း အရပ်သား ၆ဦးသေ၊ ၂၀ကျော်ဒဏ်ရာရ
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာနောက်ဆုံးပတ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၄ဦးထက်မနည်းရှိခဲ့ပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ယနေ့ သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ် နှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ကျွန်တော်မြင်တာက တိုက်ပွဲဘယ်လောက်ထိ ရခိုင်မှာ ပြင်းထန်လဲ မပြင်းထန်လဲဆိုတာ အတိအကျမသိပေမယ့် ပြီးခဲ့တဲ့ ဘူးသီးတောင်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ လာပစ်တဲ့ဟာတွေရှိတယ်ဆိုတော့ သူတို့(စစ်ကောင်စီ)ဘက်က အကျအဆုံးအသေအဆုံးများတာတော့ သေချာတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ဒေသ၌ ရိက္ခာအင်အားများ ဖြည့်တင်းထားပြီး AAအပေါ် ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ရေးအရ ၊ နိုင်ငံရေးအရ ထိရောက်စွာ မစွမ်းဆောင်နိုင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
“လာမယ့် ပွင့်လင်းရာသီမှာ လက်နက်ကြီးပစ်ခတ်မှုတွေ တိုက်လေယာဉ်တွေအသုံးပြုပြီးတော့ လူနေကျေးရွာတွေကို တိုက်ခိုက်မှုတွေပိုပြီးလုပ်လာမယ်လို့မြင်တယ်” ဟုလည်း ရခိုင်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ရပ်ရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအပေါ် ဒေသခံကမှတ်ချက်ပြုသည်။

AAနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌လည်း AA ဘက်က အထိအခိုက် အကျအဆုံးအချို့ရှိနိုင်ပြီး အရေအတွက်အတိအကျကိုမူ မသိရဟု ဒေသခံက ပြောသည်။
အဆိုပါ တိုက်ပွဲများအနက် အောက်တိုဘာ ၂၆ရက်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာအနီး တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၄) ဦးကျဆုံးပြီး လက်နက်ငယ် (၂)လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။ ထို့ပြင် အောက်တိုဘာ ၂၇ရက် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ) အနီး တိုက်ပွဲမှာ သုံးနာရီခွဲကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ ၁၁ဦးမျက်မြင် ကျဆုံးကာ ဒဏ်ရာရရှိသူ ၁၅ဦးအထက်ရှိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ၂၉ ရက် တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ၏ အနောက်တောင်ဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနေ့၌ပင် ကျောက်တော်မြို့နယ် ရုပ်သားရွာ အနီး၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဖက်မှ (၅) ဦးသေဆုံးကြောင်း AAက ထုတ်ပြန်သည်။
ပက်လ၀မြို့နယ် မြိတ်၀ရွာ အနီးရှိ စစ်ကောင်စီတပ်စခန်းကိုလည်း AAက အောက်တိုဘာ ၂၉ရက် တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေ၊ ၁ဦး ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ (အောက်တိုဘာ ၃၁ရက်)ကလည်း မောင်တော်မြို့နယ်မြောက်ပိုင်း သာယာကုန်း (ရခိုင်ရွာ) အနီး၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲအတွင်း ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း AAက ဆိုသည်။
တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရပ်ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၆ဦး သေဆုံးကာ ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ကျွဲ၊ နွား တိရစ္ဆာန်အချို့ ထိခိုက်၊ သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။
