ဒီနေ့မနက်ပိုင်းက မန္တလေးမှာ ရဲစခန်းကနေ အိုးဘိုထောင်ကို သွားတဲ့ အချုပ်ကားတစ်စီး လမ်းခုလတ်မှာ ဗုံးနဲ့ပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။
အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။
အမည်မသိသူနှစ်ဦးက ကားခေါင်းခန်းအတွင်းကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ပေါက်ကွဲမှုကြောင့် ကားမှန်များကြေမွသွားတဲ့အပြင် ယာဥ်မောင်းနဲ့အတူပါလာတဲ့ရဲမေနှစ်ဦး ဒဏ်ရာရသွားတာဖြစ်တယ် ဒေသခံတွေက ပြောပါတယ်။
“အရမ်းပြင်းတဲ့ဗုံးပဲ။ ရဲနှစ်ယောက်အတော်လေးထိသွားတယ်”လို့ အခင်းဖြစ်တာတွေ့လိုက်ရတဲ့ပြည်သူတစ်ဦးက ပြောပါတယ်။
ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော ရဲမေ နှစ်ဦးကို လူမှုကူညီရေးအသင်းကားနဲ့ နန်းတွင်း စစ် ဆေးရုံးသို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရသွားတဲ့ ရဲ ၂ ဦးဟာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဖြစ်ကာ တစ်ဦးကတော့ အရာရှိဖြစ်တယ်လို့ဆိုထားပါတယ်။
တိုက်ခိုက်ခံရတဲ့အချိန်ဟာ မနက် ၁၀ နာရီဝန်းကျင်ဖြစ်ကာ ရဲစခန်းကနေ ထွက်ခွာလာချိန်မှာဖြစ်တာကြောင့် အချုပ်ကားပေါ်မှာ အချုပ်သားပါလာတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။
