အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway)တို့ စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည် ဖော်ရာတွင်ပါဝင်ကူညီရန် သဘောတူညီခဲ့ကြသည်ဟု ယနေ့(နိုဝင်ဘာ ၁ရက်) သတင်းထုတ်ပြန်သည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကို လေးစားလိုက်နာလျက် အမိန့်ပေးကွပ်ကဲမှုကွင်းဆက် (Chain of Command) တွင်ပါဝင်ရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်းစစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်နှင့်ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူညီခဲ့ကြပါသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့် PRA Magway မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၃၀ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ သဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်သည်။
“ဒီလိုပေါင်းစည်းမှုမျိုးဖြစ်ဖို့ အချိန်အတော်ယူပြီး ကြိုးစားညှိနှိုင်းခဲ့ရတယ်။MOD ရဲ့ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ သဘောထားကြီးမှုများအရ အခုလို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ PRA Magwayရဲ့ ရပ်တည်ချက်၊ ဖွဲ့စည်းပုံများကိုလည်း မူလအတိုင်း လုပ်ငန်းစဉ်မပျက် ဆောင်ရွက်နိုင်ပြီး စစ်ဆင်ရေးကိစ္စတွေကို အတူလက်တွဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA – Magway)က ထပ်ဆင့်ထုတ်ပြန်ထားသည်။
