ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဝမ်းကောင့်ကျေးရွာအနီး စခန်းချနေရာယူထားသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ် ဦးက ပြောသည်။
“လောလောဆယ် အသေအပျောက်တော့ မသိရသေးဘူး။ သူတို့နေတဲ့နေရာကို KIAဘက်က သွားတိုက် တာ”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပူးတွဲဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့မှာ ဦးရွှေမင်းဦးဆောင်သည့် ဒူးလေပါတီ၏ ပြည်သူ့စစ်ဖြစ်ကြောင်း ဒေသခံက ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားရာဒေသသည် KIA တပ်မဟာ (၅)၊ တပ်ရင်း (၃)နယ်မြေအတွင်း၌ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း အင်ဝမ်းကောင့်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို KIAက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကချင် သတင်းဌာနအချို့က ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။
KIAနှင့် စစ်ကောင်စီတပ်တို့သည် မိုးမောက်မြို့နယ်လုံဂျာဘွမ်ဒေသ၌လည်း အောက်တိုဘာ ၂၂ ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများ မကြာခဏ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။
