အဂတိပုဒ်မ ၅ ခုနဲ့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲချက်တင်ထားတဲ့ ရဟတ်ယာဉ်အမှုအတွက် ပြန်ခေါ်သက်သေတွေကို ဒီနေ့ နေပြည်တော်အချုပ်ထောင်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေကတော့ NLD အစိုးရလက်ထက်လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။
အဲဒီတရားလိုပြသက်သေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့တာပါ။
ဒီနေ့နေပြည်တော်အချုပ်ထောင် စစ်ကောင်စီတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်ရော ၊သမ္မတဦးဝင်းမြင့်ပါ လာရောက်ခဲ့ပြီး ၂ဦးလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။
NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။
ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။
တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။
