စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီဥတုအကူးအပြောင်း၌ ဖျားနာမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ခင်ဦးမြို့နယ်တွင် အမြဲတမ်း စစ်ဘေးရှောင် ကျေးရွာ (၁၅) ရွာခန့်ရှိပြီး လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီဥတု အနည်းငယ်အေးလာ၍ စစ်ဘေးရှောင်အချို့ ဖျားနာကိုက်ခဲမှုဝေဒနာများ ခံစားနေရကြောင်း ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဆောင်းဝင်တော့မှာဖြစ်လို့ အနွေးထည် ၊ စောင်များ လိုအပ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုးတွေ ရှိပါတယ်။”ဟု KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။


စစ်ကိုင်းတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ အောက်တိုဘာ၂၄ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်(၆၁၂,၄၀၀)ရှိနေပြီး တစ်နိုင်ငံလုံး၌ အများဆုံးနေရပ်စွန့်ခွာမှုဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
