မန္တလေးမြို့တွင် အောက်တိုဘာ ၃၀ရက် ညနေ ၅ နာရီခန့်က သံဃသမဂ္ဂ(မန္တလေး)သပိတ်မှ ဆရာတော် ဦးကလျာဏ နှင့်လူငယ်သုံးဦးကို အကြမ်းဖက်စစ်ကောင်စီက မတရားအကြမ်းဖက် ဖမ်းဆီးသွားကြောင်း အဆိုပါသပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
“ညနေ ၅ နာရီ လောက်က ဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာမှအဆက်အသွယ်မရသေးတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ မြေပြင်သပိတ်ရဲဘော်တချို့ကိုလည်း ရှောင်သင့်သူတွေ ရှောင်ကြဖို့ သတိပေးထားပါတယ် “ဟု ၎င်းက ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရမီအချိန်အထိ ဆရာတော်ဦးကလျာဏသည် ကျန်းမာရေး အလွန်ကောင်းမွန်သည့် ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါး ဖြစ်သည့်အတွက် ဦးကလျာဏ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာ ဖြစ်ခဲ့သော် အကြမ်းဖက်ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဟု သံဃသမဂ္ဂ(မန္တလေး) အသိပေးထုတ်ပြန်သည်။
