“ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်” မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးရှိ KTVသို့ လာရောက်အပန်းဖြေနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲ၉ဦးခန့်သေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) ညနေ ၅ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တစ်နေရာ၌ ဖွင့်လှစ်ထားသော “ဝါဆိုဦး”KTV တွင် စစ်ကောင်စီအုပ်စုဝင်များ လာရောက်ဝိုင်းဖွဲ့စားသောက်နေချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၎င်းကပြောသည်။ KTV ဝန်ထမ်းများကို အထိအခိုက်မရှိအောင်ဆောင်ရွက်ခဲ့ပြီး ငါန်းမြာကြီး ဒုရဲအုပ်ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများသေဆုံးမှုအရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
“ဝန်ထမ်းတွေနဲ့ အမျိုးသမီးမိန်းကလေးတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းပြီး သူတို့ရောက်လာချိန်မှာ သံပုရာသီးတစ်လုံး လျက်စား နှစ်ပုလင်း စကျွေးလိုက်တယ်။သူတို့ ဖရိုဖရဲဖြစ်ချိန်မှာပဲ မဟာမိတ်အဖွဲ့တွေက အသင့်ပါလာတဲ့ လက်နက်နဲ့ ဆော်ထည့်လိုက်တာ။ အားရချက်ပဲ။ ဖြစ်စဉ်ကတော့ ရှင်းပါတယ်။ ဒီကောင်တွေက အပျော်ကျူး ချိန်ဆိုတော့ ရှင်းရတာပိုလွယ်တယ်။”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။
TGYR ရဲဘော်နှင့် မဟာမိတ် ရဲဘော်တစ်ဦး မစိုးရိမ်ရ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုတွင် လက်နက်များရရှိခဲ့ခြင်းမရှိဟုလည်း ၎င်းကဆက်ပြောသည်။
ထိုစစ်ဆင်ရေးကိုTGYR-Youth Guerrilla CounterRevolution(LPDF)၊Myit Nge People Defence Force-MN PDF၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးသည်။
“ဒီကနေပဲ မဟာမိတ်များကိုယ်စား သတင်းစကားပါးပါရစေ။ နောက်နောက်လည်း စခ၊ ရခ ဒလန် ပျူများသတိထားနေကြပါ။ မင်းတို့အတွက် ငရဲပဲ ရှိတယ်”ဟု မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သတင်းစကားပါးသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုများ ပို၍ပြုလုပ်နိုင်စေရန် ပိုကူပိုလှူပေးကြရန် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံသည်။
