စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိဟုဆို
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ် စွဲရာ နေရာနှစ်ခုကို မိုင်တဲလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organizatinon-KSO အဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ၂၈ ရက်) ည ၈နာရီခွဲ မီးပိတ် သပိတ်အပြီး ခင်ဦးမြို့နယ်၊ စစ်ကောင်စီတပ်စွဲရာ ရွာသစ်ကုန်းရှိ ကတုတ်ကျင်း၊ ဘန်ကာများရှိရာနှင့် အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ် အထိုင်ချ ဘန်ကာနေရာများအား ၂ဆင့်ကွဲ အလုံးရေ ၂၀ကျော် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မီးသပိတ်ပြီးတာနဲ့လုပ်တာ။ အင်းပတ်ကွေ့နဲ့ ရွာသစ် ကုန်းကနီးနီးလေး။ နေ့ခင်းဘက်မှာ ကင်းထောက်ဒရုန်းနဲ့ဝဲပြီး သူတို့သွားတဲ့ နေရာတွေ၊ သူတို့ဝပ်နေကျနေရာတွေ နေ့ခင်းကတည်းက ထောက်ပြီးမှ ညခင်းမှာမီတာတံနဲ့တိုက်ပြီးပစ်တာ။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။
ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ဒဏ်ရာရသူ ၅ဦးရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို မြို့နယ်(ပကဖ)၊ KDK တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၄၀)မမ၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။
