ပြည်ပပို့မည့် ဘောလုံးကား၊ သံတိုသံစယာဥ်နှင့် မီနီအိုးဝေများ ဖြတ်သန်းခွင့်မပြု
ထားဝယ် – ထီးခီးလမ်းပိုင်းအား ယနေ့(အောက်တို ဘာ ၂၉)မှစ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ အသုံးပြုကြရန် ထားဝယ်(ပ.က.ဖ) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ (၈)ဖွဲ့ပူးပေါင်းပြီး မေတ္တာရပ်ခံလိုက်သည်။
ယခုကာလသည် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအား ရှေ့ရှုကာ ထားဝယ် – ထီးခီးလမ်းပိုင်းအသုံးပြုမှုအား စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
“လမ်းပိုင်းစစ်ဆေးမှုတွေ အခုစလုပ်နေပါပြီ။ အလျဉ်းသင့်သလို စစ်ဆေးမှူပြုလုပ်သွားမှာပါ ခင်ဗျာ။ အဓိကကတော့ ညဘက် လုံးဝဖြတ်သန်းခြင်းမပြုလုပ်ကြဖို့ပါ”ဟု ထားဝယ်အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ထို့အပြင် ထားဝယ် – ထီးခီးလမ်းပိုင်းအားအသုံး ပြု၍ ပြည့်ပသို့ ကုန်ပစ္စည်းပို့မည့် ဘေးလုံးကားများ၊ သံ တိုသံစတင်ယာဥ်များ၊ သုံးဘီးယာဥ်များအား လုံးဝဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း တော်လှန်ရေး(၈)ဖွဲ့၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြသည်။
အလားတူ သတ်မှတ်အချိန် နံနက် ၆ နာရီမှညနေ ၆ နာရီအတွင်း ဖြတ်သန်းသွားလာမည့် မည်သည့်ယာဥ်မဆို ကားမှန်များချ၍ မောင်းနှင်ရန်၊ အမိုးများဖုံးအုပ်မထားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုအား ကြည် ဖြူစွာလက်ခံပေးကြရန် မေတ္တာရပ်ခံထားသည်။
လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။
