ညနေပိုင်းတွင် စစ်တပ်က လေကြာင်းမှတိုက်ခိုက်နေ
ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး မြို့ခံအများစုမှာ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်မှစ၍ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲသည် ပိုမိုပြင်းထန် လာခြင်း ဖြစ်သည်။
“မြို့ထဲမှာတင် စက်သေနတ်တွေနဲ့ ချနေတာ။ စစ်တပ် ကလည်း လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပစ်နေတယ်။အခြေအနေက လုံးဝမကောင်းဘူး။ ဒီမနက် အရပ်သားနှစ်ယောက်ထိတယ်။ မြို့ခံတွေလည်း ဗန်းမော်ကို တက်ရှောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့(အောက်တိုဘာ ၂၉ရက်)နံနက် တိုက်ပွဲတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးမှာ ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
စစ်ဘေးရှောင်ဦးရေမှာ နှစ်ထောင်ကျော် အထိရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက အကူအညီတောင်းထားသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေရာများကို မရှောင်ဘဲ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ထပ်မံရရှိသောသတင်းအရ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်ကို စစ်ကောင်စီက ယနေ့ညနေ ၄နာရီခန့်မှစ၍စစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။
