မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ စိုင်သေရွာနှင့် သံပြာချောင်းရွာတို့အား ဝင်ရောက်ဖျက်ဆီးမီးရှို့နေခြင်းဖြစ်ပြီး စိုင်သေကျေးရွာတွင် ကျေးရွာ၏အိမ်ခြေ သုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။

“စိုင်သေကျေးရွာကို မနက်လေးနာရီလောက်မှာရှို့တယ်။ သံပြာချောင်းကို မနက်၆ နာရီလောက်မှာ ရှို့တယ်။ စခတွေ ရွာထဲရှိနေသေးလို့ ဘယ်လောက်ပါသွားတယ်မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ် ရေစကြိုမြို့နယ် မြိုင်မြို့နယ် သုံးမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကတည်း က စိုင်သေရွာအား ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ညပိုင်းတွင် မြေမလှရွာတောင်ဘက်ရှိ ဒေသအခေါ်ဇာလီတောင်ပေါ်၌ ညအိပ်စခန်းချခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မီးဆင်းရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
