▪︎မုံရွာ၊မန္တလေးတွင်မီးပိတ်သပိတ်ပြုလုပ်သောပြည်သူများကိုစစ်ကောင်စီတပ်ကပစ်ခတ်ခြောက်လှန့်
မုံရွာ၊ မန္တလေး၊ ရန်ကုန် စသည့်မြို့များတွင် စစ်ကောင်စီကခြိမ်းခြောက်နေသည့်ကြားမှ ပြည်သူများကမီးပိတ်သပိတ်ပါဝင်ဆင်နွှဲခဲ့ကြပြီး မုံရွာနှင့်မန္တလေးတွင် ပြည်သူလူထုအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ခြောက်လှန့်မှုပြုလုပ်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏ ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဥ်လေကြောင်းတိုက်ခိုက်မှုကြောင့်လူ ၁၀၀ကျော်သေဆုံး၊ဒဏ်ရာရရှိခဲ့မှုအတွက်ဝမ်းနည်းကြောင်း
ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့ ) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သည်။ မန္တလေးနှင့်မုံရွာမြို့များတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင်စစ်ကောင်စီတပ်က ကားများဖြင့်လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်သွားသည်ဟုဒေသခံတို့ကပြောသည်။
“စစ်တပ်က ဒရုန်းနဲ့တောင်ပတ်ကြည့်သွားသေးတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ည၉ နာရီခန့်တွင် မန္တလးကျုံးအရှေ့ဘက်ရှိ အမှတ်၁ရဲစခန်းဝန်းကျင်၌ သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း မြို့ခံများက ပြောသည်။
မီးသပိတ်ပြီးနောက် မိနစ်နှစ်ဆယ်ခန့်အကြာည ၉ နာရီခန့်တွင် မီးပျက်သွားခဲ့ကြောင်း၊ ထို့နောက်စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့်ပတ်နေပြီး ဆဲဆိုမှုများလည်း ပြုလုပ်နေကြောင်းမန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
မြို့ရှိပြည်သူအများစု မီးပိတ်သပိတ်တွင်ပါဝင်ဆင်နွှဲခဲ့သော မုံရွာမြို့တွင်လည်း စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
“မီးပိတ်တဲ့အိမ်တွေကို ပစ်တယ်လို့ကြားတယ်။ ရပ်ကွက်တွေထဲလည်း ပတ်ကြည့်တာတဲ့ မီးပိတ်ရင်ပစ်တာတဲ့။ စစ်ကောင်စီဟာ ပြည်သူလူထု သူတို့ဘက်မရှိဘူးဆိုတာကို သိတယ်၊ အဒါကြောင့် သွေးပျက်နေကြတာ။ အကြောက်တရား၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေလို့တာ ပြည်သူတွေ ခံနေကြရတာ။ လက်နက်သာ မရှိရင် ဒီကောင်တွေ နေစရာတောင်ရှိမှာမဟုတ်ဘူး။”ဟု မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။
စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကြောင့် ရန်ကုန်မြို့တွင် တစ်မြို့လုံးမဟုတ်သော်လည်း ပြည်သူများကတက်အားသရွေ့ပါဝင်ဆင်နွှဲခဲ့ကြကြောင်းဒေသခံများကပြောသည်။
မီးပိတ်သပိတ် ပါဝင်ဆင်နွှဲမည့်ပြည်သူများကို ဖိအားပေးရန် စစ်ကောင်စီတပ်က ယနေ့ညတွင် ရန်ကုန်မြို့တွင်း၌ လှည့်ကင်းကားများပိုမို သွားလာနေသည်ကို တွေ့ရသည်။
“ရပ်ကွက်ရုံးမှာရောက်နေတယ်ကြားတယ်။ မီးပိတ်တဲ့သူတွေတော့ ပိတ်ထားတာပဲ။ လမ်းထဲကိုတော့ ဝင်မလာသေးဘူး” ဟု လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ရွှေပြည်သာ ဒေါပုံ စသည့် မြို့နယ်များ၌ လျှပ်စစ်မီးပြတ်နေသောကြောင့် မီးပိတ်သပိတ်တွင် ပါဝင်ရန် ပြင်ဆင်စရာပင်မလိုကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မျှဝေထားသည်။
“မီးပျက်ဖူးသမျှထဲမှာ ဒီတခါမီးပျက်တာ အပျော်ဆုံးပဲ EPC is CDM right now”ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။
(မုံရွာနှင့် ရန်ကုန်ရှိနေရာအချို့တွင်ပြည်သူများ မီးပိတ်သပိတ်ပါဝင်ဆင်နွှဲနေကြစဥ်။ဓါတ်ပုံ-CK/မုံရွာသပိတ်ဦးဆောင်ကော်မတီ ၊စမ်းချောင်ပင်မသပိတ်စစ်ကြောင်း)
