ကော့ကရိတ်မြို့နယ်ထဲရှိ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တပ်မှူးတစ်ဦး၏ နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မှူးဇနီးအပါအဝင် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ(၂၇)ရက် ည(၇)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်မြောက်ပိုင်း မိဖာလဲရွာတွင်ရှိသော KNU/KNLA PC တပ်ရင်း(၇၇၇)၏ တပ်မှူးစောဝင်းကျော်နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မှူးဇနီးနှင့် တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးသွားခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း KNU/KNLA PC တပ်မှူးစောဝင်းကျော်နှင့် သမီးဖြစ်သူတို့ လွတ်မြောက်သွားခဲ့ပြီး လာရောက်ပစ်ခတ်သောအဖွဲ့မှ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကားနှစ်စီးကိုပါ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများဆီက သိရသည်။
ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်လုပ်ဆောင်သွားသည့်အပေါ် အသေးစိတ်အခြေအနေကို သိခွင့်ရရန်အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ကရင်ငြိမ်းချမ်းရေးကောင်စီသည် NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သွားရောက်တွေ့ဆုံခဲ့သော အဖွဲ့တစ်ဖွဲ့လည်းဖြစ်ကာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသတွင် ဗဟိုဌာနချုပ်ထားရှိပြီး အခြေစိုက်သည်။
