စစ်တပ်ကိုဝေဖန်၍ တရားစွဲဆိုဖမ်းဆီးထောင်ချခြင်းများခံခဲ့ရသည့် မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသသည် ယမန်နေ့ညက ပျံလွန်တော်မူခဲ့သည်။
ဆရာတော်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဆေးကုသမှုခံယူရင်း ယမန်နေ့ (အောက်တိုဘာ၂၇ ရက်) ဒေသစံတော်ချိန် ည၁၀ နာရီခန့်က ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သည့် သာသနာရေးအသိုင်းအဝိုင်းက ပြောသည်။
“နှလုံးသွေးကြောပိတ်တာ ဆေးကုသမှု ခံယူရင်း ပျံလွန်တော်မူသွားတာပါ။”ဟု အရှင်ကောဝိဒ(ရွှေအုန်းပင်)ဆရာတော်က မိန့်ကြားသည်။
ဆရာတော်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်ပြီး အမျိုးသားရေးနှင့် မဘသ ဆရာတော်များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသသည် ၂၀၁၉ စက်တင်ဘာက စစ်ကောင်စီနှင့် မဘသကို ဝေဖန်၍ ပုဒ်မ၅၀၀ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တစ်ရက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅က ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ထို့နောက် ၆ လအကြာ ၂၀၂၁ ဩဂုတ်၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
လွတ်မြောက်လာပြီးနောက်ပိုင်း၌လည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုနှင့် ပုလဲနံပသင့်သည့် ဆရာတော်သံဃာတော်များကိုပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ဆရာတော်ဖြစ်သည်။
