▪︎နောက်ဆက်တွဲဖြစ်လာမည့် အခြေအနေများကိုအထူးဂရုပြုစောင့်ကြည့်နေဟု UWSA ဆို
ကချင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏(၆၂)နှစ်မြောက်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအခမ်းအနားသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့၍ လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ကြားသိရစဉ် များစွာ အံ့ဩတုန်လှုပ်ရပြီး အသက်ဆုံးရှုံးခဲ့ရ သည့်အပြစ်မဲ့ပြည်သူများ အပေါ်နှမြော တမ်းတမှုနှင့် အတူကျန်ရစ်သူမိသားစုများ၊ KIO တို့နှင့်ထပ်တူဝမ်းနည်းကြေကွဲခံစားရကြောင်း ၀လက်နက်ကိုင်တပ်ဖွဲ့(UWSP/UWSA)က ယနေ့ ထုတ်ပြန်သည်။
ဤကဲ့သို့ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီးဖြစ်စဉ်၏နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကိုအထူးဂရုပြုစောင့်ကြည့်နေကြောင်း အခင်းဖြစ်ပွားပြီး လေးရက်အကြာတွင်ထုတ်ပြန်သောထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အသက်ပေါင်းများစွာသေကျေပျက်စီးစေသည့်လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေးလူ့အဖွဲ့အစည်းနှင့်လူမျိုးစုအကြားချစ်ကြည်ရေးအတွက်အတူလက်တွဲမှုကောင်းစွာဖြစ်ထွန်းပြီးမျိုးရိုးစဉ်ဆက်ရန်ငြိုးထားရှိမှုစသည့်ပဋိပက္ခများကိုငြိမ်းချမ်းရေးနည်းလမ်းဖြင့်ကိုင်တွယ် ဖြေရှင်းနိုင်ရန်တိုက်တွန်းကြောင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အားပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေးကိုလည်း UWSAက တောင်းဆိုထားသည်။
အလားတူ ယနေ့မှာပင် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့(NDAA)ကလည်းအနန့်ပါ ဖြစ်ရပ်အပေါ် ကျန်ရစ်သူမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အနန့်ပါဒေသ ထိခိုက်သေဆုံးမှုဟုသာ ဖော်ပြခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့်အခြေအနေကိုဖော်ပြမထားပေ။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း မျှော်လင့်သည်ဟု မိုင်းလားတပ်ဖွဲ့ကဆိုသည်။
UWSP/UWSAနှင့် မိုင်းလားအဖွဲ့(NDAA)တို့သည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့များဖြစ်သည်။
