ပေါင်းတည်မြို့နယ် ရိုးမတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ပြောသည်။
ယနေ့(အောက်တိုဘာ ၂၇ ရက်)က ပြည်ခရိုင် ၊ပေါင်းတည်မြို့နယ် လဲပင်ရွာအထက်တွင် စိုးမိုးနယ်မြေအား ကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေ့လည် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အင်အားက ၆၀ ကျော်လောက်ပါတယ်လို့သိရတယ်။အခု ညနေပိုင်းအထိလည်း အခြေအနေ မငြိမ်သေးလို့ စစ်ရေးအရအတိအကျပြောလို့ မရနိုင်သေးဘူး”ဟု ပြည်ခရိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း PPDFက ပြောသည်။
အထိနာနေသော အကြမ်းဖက်စစ်ကောင်စီဘက်မှ RPG ၊ (၄၀)မမတို့ဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။
ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်း၏ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PPDF က ကတိပြုသည်။
ပေါင်းတည် PDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – Paungde People Defense Force – PPDF
