စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ခန့်အထိရှိလာ
စစ်ကောင်စီတပ်က မိုးမောက်မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေရာ ယမန်နေ့ညက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။
ယမန်နေ့(အောက်တိုဘာ ၂၆ရက်)ညက စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“(၅)မိုင်ဂိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျပြီး အသက် ၃၀အရွယ်ခန့် အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်။ ညကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်။
ဒေသတွင်းသတင်းအချို့တွင် သေဆုံးသူသုံးဦးရှိကြောင်းဖော်ပြထားသော်လည်း မဟုတ်မှန်ကြောင်းဒေသခံအချို့က ပြောသည်။

အောက်တိုဘာ ၂၃ရက် ညနေကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါအဝင်အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိပြီး အထိနာနေ၍ လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်နေကြာင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုဗုံးပါအသုံးပြုနေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် တိုက်ပွဲများကြောင့်စစ်ဘေးရှောင်ဦးရေသည် နှစ်ထောင်ခန့်အထိ ရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။စစ်ကောင်စီတပ်သည် အရပ်သားနေရာများအား ဦးတည်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။
